ဗဟိုအထိန်းအချုပ်မဲ့ အပ်ပလီကေးရှင်း (သို့) ဒီအပ်(dapp)တွေကို အီသာရီရမ်ပေါ်မှာ တည်ဆောက်ထားပြီး သုံးစွဲသူတွေကို သူတို့ရဲ့ ငွေကြေးနဲ့ အချက်အလက်တွေအပေါ် ပိုပြီး ထိန်းချုပ်မှု ပေးနိုင်ဖို့ ရည်ရွယ် ထားတာ ဖြစ်ပါတယ်။
ဗဟိုအထိန်းအချုပ်မဲ့ အပ်ပလီကေးရှင်း(ဒီအပ်) တွေက ပုံမှန် သုံးစွဲသူ အပ်ပလီကေးရှင်းတွေရဲ့ ဝန်ဆောင်မှုတွေကိုပဲ ပေးတာပါ။ ဒါပေမယ့် ဒီအပ်တွေကတော့ အချက်အလက်တွေကို စီမံဖို့ ကြားခံအဖွဲ့အစည်းကို ပယ်ဖျက်လိုက်ပြီး သုံးစွဲသူတွေက သူတို့ရဲ့ အချက်အလက်တွေကို ပိုမို ထိန်းချုပ်နိုင်အောင် ဘလော့ချိန်း နည်းပညာကို အသုံးပြုပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ ဝန်ဆောင်မှုကို ဗဟိုအထိန်းအချုပ်မဲ့တဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်လာစေတာပါပဲ။
ဒီဂျစ်တယ် အပ်ပလီကေးရှင်းတွေက ဒီနေ့ခေတ်မှာ နေရာတကာမှာ ရှိနေပါပြီ။ သုံးစွဲသူတွေကလည်း အပ်ပလီကေးရှင်းတွေကို အီးမေးလ်ပို့တဲ့ နေရာမှာ၊ ပါကင်ထိုးခ ပေးတဲ့နေရာ၊ ရက်စွဲတွေ ရှာတဲ့နေရာနဲ့ တခြားနေရာတွေ အများကြီးမှာ သုံးကြပါတယ်။ သမားရိုးကျ ထိန်းချုပ်မှုနဲ့ ပိုင်ဆိုင်မှု စနစ်အတိုင်း၊ သုံးစွဲသူတွေက ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကို လွှဲပြောင်းပေးရပါတယ်။ ဗဟိုအထိန်းအချုပ်မဲ့ အပ်ပလီကေးရှင်းတစ်ခုနဲ့ဆိုရင် သုံးစွဲသူတွေက အချက်အလက်တွေကို သိမ်းဆည်းပြီး လုံခြုံစေဖို့အတွက် ဘယ်သူ့ကိုမှ ယုံကြည်စရာမလိုဘဲ သီအိုရီပိုင်းအရ သူတို့က သူတို့ရဲ့ ငွေကြေးတွေနဲ့ ပုဂ္ဂိုလ်ရေးအချက်တွေကို ပိုပြီး ထိန်းချုပ်နိုင်ပါတယ်။ ဒါပေမယ့်လည်း တချို့ ကျွမ်းကျင်သူတွေကတော့ ဒါကို လက်တွေ့လုပ်ဆောင်နိုင်မလားဆိုတာနဲ့ ပက်သက်ပြီး သံသယဖြစ်နေကြပါတယ်။
ကမ္ဘာ့ ဒုတိယအကြီးဆုံး ဒီဂျစ်တယ်ငွေကြေးကို သုံးလို့ရတဲ့ ပလက်ဖောင်းတစ်ခုဖြစ်တဲ့ အီသာရီရမ်ကို တည်ထောင်တဲ့ လုပ်ငန်းရှင်တွေရဲ့ အဓိက ရည်မှန်းချက်တစ်ခုက ဒီလို အပ်ပလီကေးရှင်းတွေကို ပိုပြီး လွယ်လွယ်ကူကူနဲ့ ဖန်းတီးနိုင်စေဖို့ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်ကို ရနိုင်ဖို့ကလည်း အခက်အခဲတွေ အများကြီး ရှိပါတယ်။
ဒါပေမဲ့ တိုးတက်မှုတွေတော့ ရှိလာပါတယ်။ တွစ်တာ အစားထိုး အပ်ပလီကေးရှင်းကနေ ဗဟိုအထိန်းအချုပ်မဲ့ ပုံရိပ်သိမြင်ဂိမ်းတွေအထိ ရာနဲ့ချီတဲ့ ဒီအပ်တွေက ဒီနေ့အချိန်မှာ အီသာရီရမ်ပေါ်မှာ ရှိနေပါပြီ။ အများစုကတော့ နှေးပြီး သုံးရတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ ဗဟိုအထိန်းအချုပ်မဲ့ အပ်ပလီကေးရှင်းတွေရဲ့ အကောင်းဆုံးပုံစံကို ရေရှည်မှာ သိလာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဖန်တီးသူတွေကတော့ 2020ခုနှစ် ဒီဇင်ဘာ 1 ရက်မှာ စထွက်လာမယ့် အကြာကြီးစောင့်ခဲ့ရတဲ့ အီသာရီရမ် အဆင့် 2.0 ကတော့ ဒီပြဿနာကို လာမယ့် နှစ်ပိုင်းအတွင်းမှာ လွယ်ကူအဆင်ပြေသွားစေမယ်လို့ မျှော်လင့်ထားကြပါတယ်။
ဒီအပ် တစ်ခု ဘယ်လို အလုပ်လုပ်လဲ
အီသာရီရမ် ပေါ်မှာ ဆောက်ထားတဲ့ ဒီအပ်တွေက သုံးစွဲသူတွေကို တိုက်ရိုက်ချိတ်ဆက်ပေးဖို့ ဘလော့ချိန်း နည်းပညာကို သုံးပါတယ်။ ဘလော့ချိန်းတွေက ဖြန့်ကျက်ထားတဲ့ စနစ်ကို အတူတကွ စုစည်းစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး သုံးစွဲသူတစ်ယောက်ချင်းစီမှာ မှတ်တမ်းတွေရဲ့ မိတ္တူတွေရှိပါတယ်။ ဘလော့ချိန်းတွေကို သုံးထားတဲ့အတွက် သုံးစွဲသူတွေက ကြားခံအဖွဲ့အစည်းတွေကို သုံးစရာ မလိုတော့ပါဘူး။ ဆိုလိုတာက သူတို့ရဲ့ အချက်အလက်တွေကို တခြားတစ်ယောက်ကို ပေးစရာ မလိုတော့ပါဘူး။
သဘောသဘာဝအရ ဗဟိုကနေ ထိန်းချုပ်တဲ့ စနစ်တွေက ၎င်းတို့ရဲ့ ကွန်ရက်မှာ အဝင်အထွက် စီးဆင်းနေတဲ့ အချက်အလက်တွေနဲ့ ပက်သက်ပြီး ထိန်းချုပ်နိုင်တဲ့ အာဏာရှိပါတယ်။ ဥပမာပြောရရင် ဘဏ္ဍာရေးအဖွဲ့အစည်းတွေက ငွေလွှဲမရအောင် တားနိုင်ပြီး တွစ်တာကတော့ ၎င်းရဲ့ ပလက်ဖောင်းကနေ တင်ထားတဲ့ ပို့စ်တွေကို ဖျက်ပစ်နိုင်ပါတယ်။ ဒီအပ်တွေကတော့ ဒီလို ဖျက်ပစ်တာတွေကို တားမရဘူး ဆိုရင်တောင် ခက်ခဲအောင် လုပ်ပစ်ပြီး သုံးစွဲသူတွေကို ထိန်းချုပ်မှုရစေပါတယ်။
ဒီအပ်ဆိုတာက သဘောတရား အသစ်တစ်ခု ဖြစ်တဲ့အတွက် ဒီအပ်က ဘာလဲဆိုတာကို သဘောတူ သတ်မှတ်ထားတဲ့ အဓိပ္ပာယ်သတ်မှတ်ချက်မျိုး မရှိသေးပါဘူး။ ဒါပေမယ့် ဒီအပ်တစ်ခုရဲ့ လက္ခဏာတွေမှာ ဘာတွေပါလဲဆိုတော့~
- အများသိဖြစ်ခြင်း - ကုဒ်က ဘယ်သူမဆို ကြည့်လို့ရ၊ ကူးလို့ရပြီး စစ်လို့ရအောင် အများကို ချပြထားပါတယ်။
- ဗဟို ထိန်းချုပ်မှု မရှိခြင်း - ဒီအပ်တွေက ဘယ်သူ့ကိုမှ တာဝန်ပေးမထားပါဘူး၊ ဒီတော့ ဘယ် ဗဟိုထိန်းချုပ်ရေးကမှ သုံးစွဲသူတွေကို အပ်ပလီကေးရှင်းမှာ သူတို့လုပ်ချင်တာတွေ လုပ်မရအောင် တားလို့ မရပါဘူး။
- ဘလော့ချိန်း - ဗဟိုထိန်းချုပ်ထားတဲ့ စနစ်သာ မရှိဘူးဆိုရင် ဘယ်အရာက အပ်ပလီကေးရှင်းကို တစ်စုတစည်းတည်း ဖြစ်နေစေတာလဲ။ ဒီအပ်တွေက အစီအစဉ်ကျအောင် ဗဟိုထိန်းချုပ်စနစ်အစား (အီသာရီရမ်လို) ဘလော့ချိန်းတွေကို သုံးပါတယ်။
- စမတ်စာချုပ် - ဗဟိုအထိန်းအချုပ်မဲ့ အပ်ပလီကေးရှင်းတွေက တချို့စည်းမျဉ်းတွေအတိုင်း အလိုအလျောက် အလုပ်လုပ်နိုင်တဲ့ အီသာရီရမ် စမတ်စာချုပ်တွေကို သုံးပါတယ်။
- နိုင်ငံတကာဖြစ်ခြင်း - ရည်မှန်းချက်ကတော့ ကမ္ဘာပေါ်က ဘယ်သူမဆို ဒီ ဒီအပ်တွေကို ထုတ်လွှင့် အသုံးပြုခွင့် ရနိုင်ဖို့ပါပဲ။
ဒီအပ်တွေကို ဘာအတွက် သုံးကြတာလဲ
အီသာရီရမ် ဖန်တီးရှင် ဗာတာလစ် ဘူတာရင်း (Vitalik Buterin)က 2013 မှာ ထုတ်ဝေခဲ့တဲ့ အီသာရီရမ် စာတမ်းဖြူက ဒီအပ်တွေကို အဓိကအနေနဲ့ သုံးမျိုး ခွဲပေးပါတယ်။
- ဘဏ္ဍာရေးအပ်ပလီကေးရှင်းများ - ငွေကြေးနဲ့ဆိုင်တဲ့ အပ်ပလီကေးရှင်းမျိုးတွေ ဖြစ်ပါတယ်။
- ဘဏ္ဍာရေးနဲ့ ဆက်စပ် အပ်ပလီကေးရှင်းများ - ငွေကြေးနဲ့ဆိုင်တဲ့ ဗဟိုအထိန်းအချုပ်မဲ့ အပ်ပလီကေးရှင်းဖြစ်ရုံသာမက အီသာရီရမ် ဘလော့ချိန်းရဲ့ အပြင်က အချက်အလက်လို တခြားအချက်တွေပါတဲ့ အပ်ပလီကေးရှင်းတွေပါ။
- အခြားအပ်ပလီကေးရှင်းများ - အွန်လိုင်းမဲပေးခြင်းနဲ့ သိမ်းဆည်းရေး အပ်ပလီကေးရှင်းတွေ အပါအဝင် နည်းပညာရှင်တွေ ဖန်တီးဖို့ ကြိုးစားနေတဲ့ တခြားဗဟိုအထိန်းအချုပ်မဲ့ အပ်ပလီကေးရှင်းတွေပါပဲ။
ဘဏ္ဍာရေးအပ်ပလီကေးရှင်းများ
ဘဏ္ဍာရေးအပ်ပလီကေးရှင်းတွေကတော့ ဒီဖိုင်(Defi) အပ်ပလီကေးရှင်းလို့ပဲ အသိများကြပါတယ်၊ ဗဟိုအထိန်းအချုပ်မဲ့ ငွေကြေး (decentralized finance) ရဲ့ အတိုကောက်ဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့ ငွေချေးခြင်း၊ သေတမ်းစာနဲ့ အာမခံကြေးတို့လို ပိုပြီး ရှုပ်ထွေးတဲ့ ဘဏ္ဍာရေးအပ်ပလီကေးရှင်းတွေ ပိုတိုးတက်လာဖို့ ဘလော့ချိန်း (အထူးသဖြင့် အီသာရီရမ်)ကို သုံးကြဖို့နဲ့ ဒစ်ဂျစ်တယ်ငွေကြေးတန်ဖိုးတွေကို တည်ငြိမ်အောင် လုပ်ပေးမယ့် စတေဘယ်လ်ကွိုင်း (stable coin) လို တခြားကွိုင်းတွေကို သုံးကြဖို့ပါပဲ။
ဘဏ္ဍာရေးနဲ့ ဆက်စပ်အပ်ပလီကေးရှင်းများ
ဒုတိယတစ်မျိုးကလည်း ဆင်တူပါပဲ ဒါပေမယ့် ဘူတာရင်း အီသာရီရမ် စာတမ်းဖြူမှာ ထည့်ခဲ့တဲ့အတိုင်း ဒီ အပ်ပလီကေးရှင်းမျိုးက ငွေကြေးနဲ့ ငွေရေးကြေးရေး မဟုတ်တဲ့အပိုင်းတွေ ရောနေပါတယ်။
ဘူတာရင်းက အီသာရီရမ် နည်းပညာရှင်တွေကို တစ်ယောက်ယောက်က လုပ်ဆောင်မှု ပြီးမြောက်မှသာ ဖွင့်ယူနိုင်တဲ့ ဆုငွေထားနည်းတွေ ဥပမာ ပြပေးပါတယ်၊။ အနောက်နိုင်ငံ ရုပ်ရှင်တွေမှာတော့ ဆုငွေကို လူတစ်ယောက် (သို့) ရာဇဝတ်သားကို ဖမ်းပေးနိုင်တဲ့ သူမျိုးကို ပေးပါတယ်။ ဒါပေမယ့် ဒီနေရာမှာတော့ ခက်ခဲတဲ့ တွက်ချက်ရတဲ့ ပြဿနာတွေ ဖြေရှင်းရတာမျိုးလို အန္တရာယ်နည်းတဲ့ တာဝန်တွေအတွက် ဆုငွေပေးတာပါ။
ဒီနေရာမှာ လှည့်ကွက်လေးကတော့ စမတ်စာချုပ်တွေက (သီအိုရီအရ) ဆုငွေ ရယူလိုသူက အလုပ်ရဲ့ အဖြေတစ်ခု ပေးပြီးပြီလားဆိုတာကို သိနိုင်ပြီး၊ တောင်းဆိုချက်နဲ့ ကိုက်ညီမှသာ ဆုငွေကို ထုတ်ပေးတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
နောက်ထပ် ဥပမာတစ်ခုကတော့ အပြင်လောကက ရာသီဥတုအပေါ် မူတည်တဲ့ ကောက်ပဲသီးနှံ အာမခံတဲ့ အပ်ပလီကေးရှင်းပါ။ လယ်သမားတစ်ယောက်က မိုးခေါင်ပြီး သူ့ကောက်ပဲတွေ သေသွားခဲ့ရင် အလိုအလျောက် ပိုက်ဆံရတဲ့ အာမခံတစ်ကို ဝယ်ထားတယ်ဆိုပါစို့။
ဒီစမတ်စာချုပ်တွေက အရင်နှစ်က မိုးရေချိန် ဘယ်လောက်လက်မထိ ရွာထားတယ်ဆိုတာမျိုး အပြင်လောကရဲ့ အချိန်နဲ့တပြေးညီ အချက်အလက်ကို ပေးနိုင်တဲ့ အော်ရကယ် (oracle) လို့ ခေါ်တဲ့ အရာတွေပေါ်မှာ မှီခိုနေပါတယ်။
ဒါပေမယ့် သတိထားစရာတစ်ခုက နည်းပညာရှင်တွေက အော်ရကယ်တွေကို ဗဟိုအထိန်းအချုပ်မပါဘဲ သုံးလို့ရမယ်ဆိုတာကို အယုံအကြည်မရှိကြသေးတာပဲ ဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ကတော့ အချက်အလက်ဌာနက အချက်အလက် အမှန်တွေကို ပေးနေပြီး၊ သူတို့ ငွေရဖို့ အချက်အလက်ကို ကစားနေတာ မဟုတ်ဘူးဆိုတာ ယုံကြဖို့ပါပဲ။
အခြားအပ်ပလီကေးရှင်းများ - ဒီအေအို (DAO) နှင့်အခြား
အီသာရီရမ်က လိုက်လျောညီထွေမှု ရှိတဲ့ ပလက်ဖောင်းတစ်ခုဖြစ်လို့ နည်းပညာရှင်တွေကတော့ ပုံမှန် ငွေကြေး အမျိုးအစားတွေနဲ့ ကိုက်ညီမှု မရှိတဲ့ အခြားစိတ်ကူးတွေကို တွေးတောထားကြပါတယ်။
ဥပမာတစ်ခုကတော့ ဆင်ဆာဖြတ်ခြင်း မရှိတဲ့ ဗဟိုအထိန်းအချုပ်မဲ့ လူမှုကွန်ရက်တစ်ခု ဖန်တီးဖို့အတွက် အသုံးပြုတာမျိုးပါ။ တွစ်တာလိုမျိုး ခေတ်စားနေတဲ့ လူမှုအပ်ပလီကေးရှင်း တော်တော်များများက တချို့ပို့စ်တွေကို ဆင်ဆာဖြတ်ပြီး၊ တချို့ဝေဖန်ရေးသမားတွေကတော့ ဒီ လူမှူအပ်ပလီကေးရှင်းတွေက ဘယ်လိုစာမျိုးကို ဆင်ဆာဖြတ်တယ် အဆင့်ချတယ်ဆိုတာနဲ့ ပတ်သက်ပြီး တသမတ်တည်း မရှိတဲ့ စံနှုန်းတွေကို သုံးနေတယ်လို့ ပြောကြပါတယ်။
ဒီတော့ ပီးပက်(Peepeth)လို ဒီအပ်မျိုးနဲ့ဆိုရင် ဘလော့ချိန်းပေါ်ကို စာတစ်ခုတင်လိုက်တာနဲ့ ပလက်ဖောင်းကို တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီကတောင် အဲ့စာကို ဖျက်လို့ မရတော့ပါဘူး။ အဲဒီစာက အီသာရီရမ်ပေါ်မှာ အမြဲတမ်း ရှိနေမှာပါ။
အချို့ကတော့ ဒီလို ဗဟိုအထိန်းအချုပ်မပါတဲ့ သဘောတရားကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးကြပါတယ်။ တကယ်လို့ ဘစ်ကွိုင်က ဘဏ္ဍာရေးအာဏာပိုင်တွေကို မလိုအပ်တော့အောင် လုပ်နိုင်တယ်ဆိုရင် အခြား ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေကိုရော အဲဒီလို မလိုအပ်တော့အောင် မလုပ်နိုင်ဘူးလား။
ဗဟိုအထိန်းအချုပ်မဲ့ ကိုယ်ပိုင် အဖွဲ့အစည်း ဒေါင်(DAO) တွေက အဲဒီမေးခွန်းကို “အင်း” လို့ ဖြေနိုင်ဖို့ ကြိုးစားခဲ့တဲ့ အောင်မြင်တဲ့ ဒီအပ်မျိုးကွဲတစ်မျိုးဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ခေါင်းဆောင်မလိုတဲ့ ကုမ္ပဏီတစ်ခုကို ဖွဲ့စည်းပြီး ကနဦးကတည်းက အဖွဲ့သားတွေ ဘယ်လိုဝင်မယ်၊ မဲပေးမယ်၊ ကုမ္ပဏီစုငွေတွေကို ဘယ်လိုထုတ်မယ် စသဖြင့် အခြားကိစ္စတွေနဲ့ ပတ်သက်ပြီး စည်းမျဉ်း ပရိုဂရမ်တွေကို ရေးဆွဲထားဖို့ ဖြစ်ပါတယ်။ ဖွဲ့စည်းပြီးတာနဲ့ ဒေါင်(DAO)က အဲဒီစည်းမျဉ်းတွေအောက်မှာ အလုပ်လုပ်မှာ ဖြစ်ပါတယ်။
ဒီအပ်တွေအနေနဲ့ ဘယ်လိုအခက်အခဲတွေ ကြုံရလဲ
ဒီအပ်တွေကတော့ ကနဦးပိုင်း စမ်းသပ်ဆဲပဲ ရှိသေးပြီး၊ နည်းပညာရှင်တွေကလည်း သူတို့ကို နှောင့်နှေးကြန့်ကြာစေတဲ့ အခြေခံကွန်ရက်နဲ့ ပတ်သက်တဲ့ အရေးကြီး ပြဿနာတွေကို ဖြေရှင်းရဦးမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက အီသာရီရမ်မှာ သုံးစွဲသူတွေ များလာတဲ့ အချိန်မှာ ဒီအပ်တွေက သုံးဖို့ အရမ်းဈေးကြီးနေနိုင်ပါတယ်။ တစ်ခါတစ်ရံ သမားရိုးကျ အပ်ပလီကေးရှင်းတွေက ချဲ့ထွင်ခြင်းနဲ့ ပတ်သက်ပြီး ပြဿနာလေးတွေ ရှိပေမဲ့ ဒါတွေက ဗဟိုအထိန်းအချုပ်မပါတဲ့ နယ်ပယ်အပိုင်းမှာ ပိုပြီး ကြီးနေတာမျိုးပါ။ ၎င်းရဲ့ သဘောသဘာဝအရ ရင်းနှီးမြှုပ်နှံသူတွေ အများကြီးထဲမှာ ပူးပေါင်းလုပ်ဆောင်မှု၊ လိုက်နာမှု တစ်ခုခုမရှိဘဲနဲ့ အလုပ်မလုပ်နိုင်လို့ပဲ ဖြစ်ပါတယ်။
နည်းပညာရှင်တွေက ဒီအပ်တွေကို ဘယ်လိုဖန်တီးကြလဲ
အီသာရီရမ် နည်းပညာရှင်တွေက အီသာရီရမ်ကို လူသိများတဲ့ ပရိုဂရမ်ဘာသာစကားဖြစ်တဲ့ ဂျာဗားစခရစ်နဲ့ ချိတ်ဆက်နိုင်ဖို့ စမတ်စာချုပ် ဖန်းတီးတဲ့ ထရပ်ဖယ် (Truffle) နဲ့ ဝဘ်သရီး (Web3)ကို ဖန်တီးထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာအနှံ့က နည်းပညာရှင်တွေက အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ ဒီအပ်တွေကို ကြိုးစားပြီး စမ်းသပ်နိုင်ကြပါပြီ။
အရင်းအမြစ်: Coindesk
ဘာသာပြန်သူ : Ko Myat Minn Kyaw
❄️❄️❄️❄️❄️❄️❄️
3. ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုအမိန့် |